အချစ်ကြောင့် နာကျင်ခဲ့ရဖူးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်များ
မိန်းကလေးတွေက သူတို့ချစ်မိတဲ့သူကို သစ္စာရှိရှိနဲ့ အချစ်တွေ ပုံအောပေးတတ်ကြပါတယ်။ ဒီလိုချစ်တတ်ခြင်းက လမ်းခွဲခြင်းနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ပိုနာကျင်ခံစားရတတ်သလို လွယ်လွယ်နဲ့ အနာမကျက်နိုင်ကြပါဘူး။ ဒီတော့ တစ်ခါချစ်ဖူးတဲ့ သူက နောက်ထပ်တစ်ခါချစ်ဖို့ကို တော်တော်လေး စဉ်းစားယူရတတ်ပါတယ်။ ဒီလို အချစ်ကြောင့် နာကျင်ခံစားဖူးတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိကိုသိထားဖို့ လိုအပ်ပါတယ်။
ချက်ချင်း မယုံကြည်နိုင်ဘူး
အချစ်အတွက် နာကျင်ခံစားရဖူးတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကို ထပ်ချစ်လာတဲ့ သူတွေကို လွယ်လွယ်မယုံကြည်တတ်တာကတော့ မဆန်းပါဘူး။ တစ်ခါကွဲဖူးတဲ့ အသည်းက ပြန်စဉ်းစားတိုင်း နာကျင်နေရတာမို့ သူမဆီက ယုံကြည်မှုလိုချင်ရင်တော့ သူမယုံကြည်လောက်တဲ့ အရာတွေနဲ့ သူမယုံကြည်လောက်တဲ့ အချိန်တစ်ခုအထိတော့ စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်။
လွယ်လွယ်ကူကူနဲ့ ခံစားချက်တွေ မတုံ့ပြန်လာနိုင်ဘူး
ချစ်မိပေမယ့် နာကျင်ခဲ့ရတဲ့အတွက် သူတို့တွေက အချစ်ဆိုတာကို လွယ်လွယ် ထုတ်မပြတတ်ကြတော့ပါဘူး။ သူမရဲ့ အချစ်တွေအတွက် အချိန်တစ်ခုအထိတော့ သေချာစဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။ ဒီလိုကောင်မလေးတွေက သူတို့ရဲ့ အချစ်တွေကို သိုသိုဝှက်ဝှက်နဲ့ သိမ်းထားတတ်ပြီး သေချာပြီဆိုမှ သူမဆီက တုံ့ပြန်မှုကို ရမှာဖြစ်ပါတယ်။
အရမ်းကို အသေးစိတ်လေ့လာ နေတတ်တယ်
အတိတ်က တစ်စုံတစ်ယောက်က သူမအတွက် မကောင်းခဲ့တဲ့ အတွက် နောက်ထပ်တစ်ယောက်ကိုတော့ သူမက အသေးစိတ်ကျကျ လေ့လာကြည့်တတ်ကြပါတယ်။ သူမအပေါ် တကယ်ချစ်မချစ်ဆိုတာတွေ၊ ဂရုစိုက်မှုတွေ၊ အလေးထားမှုတွေ၊ အပြန်အလှန်လေးစားမှုတွေ၊ နားလည်ပေးမှုတွေ စသဖြင့်ပေါ့။ သူမ စိတ်ကြိုက်လေ့လာပြီးမှ ဒီအချစ်ကို လက်ခံသင့် မသင့်ဆုံးဖြတ်မှာ ဖြစ်ပါတယ်နော်။
မြန်မြန် လှုပ်ရှားရင် နောက်ဆုတ်သွားတတ်တယ်
ဒီလိုမိန်းကလေးတွေကို ချစ်မိပြီဆိုရင်တော့ သူတို့ရဲ့ စိတ်ကို အရင်ရအောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တွေ့တာမှ ဘယ်လောက်မှမကြာသေးပဲ ချစ်တယ်၊ ကြိုက်တယ် သွားပြောရင်တော့ သူမရဲ့ သံသယတွေနဲ့ အချစ်ကို လွယ်လွယ်သုံးတတ်တယ်လို့မြင်ပြီး နောက်ဆုတ်ငြင်းပယ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလို မိန်းကလေးတွေကို ချစ်မိရင်တော့ သူတို့ရဲ့ အချစ်ကိုရဖို့ အချိန်တစ်ခုအထိ ဇွဲရှိရှိစောင့်နိုင် ရပါမယ်။
Khin
