အချစ်ဆုံး သူငယ်ချင်းဆိုတာကတော့ ကိုယ်နဲ့ ဘာမဆို တိုင်ပင်ဆွေးနွေးလို့ ရတဲ့သူတစ်ယောက်ဖြစ်သလို ကိုယ့်ဘဝရဲ့ အရင်းနှီးဆုံးထဲက တစ်ယောက်ပဲ မဟုတ်လား။ ဒါပေမယ့် အမြဲတမ်း သူငယ်ချင်းတွေအဖြစ် အချိန်အကြာကြီး အတူတူ ခင်မင်သွားချင်တယ်ဆိုရင်တော့ သူငယ်ချင်းအချင်းချင်း ကြားထဲမှာ ရှိကိုရှိသင့်တဲ့ အချက်လေးတွေ ရှိလိုနေပါတယ်။ ဒီအချက်တွေကို လိုက်နာနိုင်မှ သူငယ်ချင်းတွေ အချင်းချင်း ပိုချစ်ခင်ပြီး ရေရှည်မှာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးတတ်တာ

သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်တွေထဲက တစ်ခုက ကာကွယ်စောင့်ရှောက်မှုတွေ အပြန်အလှန် ထားရှိပေးတတ်မှုလို့ ဆိုပါတယ်။ တစ်ယောက် ဒုက္ခရောက်နေချိန်မှာ တစ်ယောက်က ကိုယ့်တတ်အားသလောက် ကာကွယ်ပေးတတ်တာဟာ သူငယ်ချင်းကောင်း ပါပဲ။


ရိုးသားပွင့်လင်းမှု

သူငယ်ချင်းတွေကြားမှာ နောက်ထပ် အရေးကြီးတဲ့ အချက်က ရိုးသားပွင့်လင်းမှု ရှိဖို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘာမဆို တိုင်ပင်နိုင်မှ၊ ကိုယ့်အကြောင်းကို ယုံယုံကြည်ကြည် ရင်ဖွင့်နိုင်မှ အချစ်ဆုံး သူငယ်ချင်းတွေလို့ ဆိုနိုင်မှာပါ။ ဒါဟာ ရိုးသားပွင့်လင်းမှု မရှိရင်တော့ မဖြစ်လာနိုင်ပါဘူး။


အောင်မြင်မှုတွေအတွက် ဂုဏ်ယူပေးတတ်တယ်

သူငယ်ချင်းရဲ့ အောင်မြင်မှုကို ကိုယ့်ရဲ့ အောင်မြင်မှုလို ဝမ်းသာပေးတတ်လား။ ဒါဆိုရင်တော့ သင့်မှာ အရမ်းကို ကောင်းမွန်တဲ့ သူငယ်ချင်း စိတ်ဓာတ်တွေ ရှိနေလို့ပါနော်။ သူငယ်ချင်းကောင်းတွေဆိုတာ သူကောင်းစားနေရင် ကိုယ်ပျော်နေတတ်တာမျိုးပါနော်။


လျို့ဝှက်ချက်တွေ မရှိဘူး

အချစ်ဆုံး သူငယ်ချင်းတွေရဲ့ ကြားမှာ လျို့ဝှက်ချက်ဆိုတာ မရှိပါဘူး။ သူ့အကြောင်းကို က ကနေ အ အထိ သိထားတတ်သလို တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ရသူတွေ ဖြစ်တဲ့အတွက် နှစ်ယောက်ကြားမှာ ဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်တွေဆိုတာ လုံးဝကို ရှိမနေတာပါ။


သူဘာပဲဖြစ်ဖြစ် ဆက်ခင်မယ်နေတယ်

တစ်ခြားသူတွေက သူရဲ့ မကောင်းကြောင်းတွေ ပြောနေရင်တောင်၊ သူကို ဆက်မခင်မင်ဖို့ တားမြစ်နေရင်တောင် ကိုယ်ကတော့ ဆက်ခင်နေအုံးမှာပါပဲ။ ဒါဟာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ သူက ဘာကြီးပဲ ဖြစ်နေပါစေ ကိုယ့်အတွက်ကတော့ သူငယ်ချင်းကောင်းပါပဲ။


မနာလိုအူတိုတာတွေ မရှိဘူး

သူငယ်ချင်းက ကိုယ့်ထက် အများကြီး သာနေပြီး ကိုယ်ကတော့ သူ့လောက် မအောင်မြင်နေရင်တောင် မနာလိုအူတိုမှုဆိုတာက သူငယ်ချင်းနဲ့ မဆိုင်ပါဘူးနော်။ သူအောင်မြင်ရင် ကိုယ်က ပိုတောင်ပျော်တတ်သလို သူငယ်ချင်းအပေါ် ဘယ်တော့မှ မနာလိုမှုဆိုတာမျိုး မဖြစ်တတ်တာက သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။


တစ်ယောက်နဲ့တစ်ယောက် မနှိုင်းယှဉ်ဘူး

ကိုယ့်သူငယ်ချင်း အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြောဆိုနေတာက သူငယ်ချင်းလို့ မခေါ်နိုင်ပါဘူးနော်။ နင်ကတော့ ဘယ်လို၊ ငါကတော့ ဘယ်လို စသဖြင့် ကိုယ့်သူငယ်ချင်းကို ကိုယ်နဲ့ နှိုင်းယှဉ်နေတာမျိုးက ခင်မင်မှုအစစ်လို့ ခေါ်လို့မရပါဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နှိုင်းယှဉ်မှုတွေ ဘယ်တုန်းကမှ မလုပ်တာမျိုးကိုမှ သူငယ်ချင်းကောင်းလို့ ခေါ်နိုင်မှာပါ။

Khin